စိန်များ ဘယ်လိုဖြစ်ပေါ်သလဲ
စိန်များဟာ လွန်စွာကြီးမားတဲ့ ဖိအားဒဏ်ကို ခံထားရသူတွေဖြစ်ပါတယ်။ ကာဗွန်ခြင်းအတူတူ အနည်းငယ်သာ ဖိအားခံခဲ့ရသူက မီးသွေးဖြစ်ပြီးတော့ များစွာသော ဖိအားကို ခံခဲ့ရသူက စိန်ဖြစ်တယ်ဆိုပြီးတော့ ပြောစမှတ်ရှိပါတယ်။ တကယ်တော့ စိန်များဆိုတာဟာ ကမ္ဘာကြီးရဲ့ မိုင်ပေါင်း ရာဂဏန်းချီအောင် နက်တဲ့ mantle အလွှာအတွင်း မှာ နှစ်ပေါင်း ဘီလီယံချီပြီး ဖိအားဒဏ်ကို ခံခဲ့ပြီးနောက် ဖြစ်လာတဲ့ mutant rock များပဲဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သာမန်ကာဗွန်အစိတ်အပိုင်းတစ်ခုကို စိန်တစ်ခုအဖြစ် သွင်ဆောင်ခဲဖြစ်သွားစေဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားရမှာဖြစ်ပြီး သိပ္ပံပညာရှင်များဟာ အခုထိ အဆိုပါ ပုံဆောင်ခဲများကို စမ်းသပ်ခန်းအတွင်း မတီထွင်နိုင်သေးဘူးဖြစ်ပါတယ်။ ပြီးတော့ သူတို့ သဘာဝအတိုင်းဖြစ်တည်လာပုံများနဲ့ပတ်သတ်ပြီးလဲ မရှင်းလင်းသေးဘူးဖြစ်ပါတယ်။ များစွာသော သီအိုရီများထဲက တစ်ခုကတော့ စိန်များဟာ သမုဒ္ဒရာကမ်းခြေမှာရှိတဲ့ ကမ္ဘာကျောက်ချပ်လွှာကြီးများ တစ်ခုနဲ့တစ်ခုရွေ့လျားတဲ့ subduction zone များမှာ အခြေခံတယ်လို့ ဆိုပါတယ်။ ကျောက်ချပ်လွှာကြီးများရွေ့လျားတဲ့အချိန်မှာ သမုဒ္ဒရာကြမ်းပြင်မှ minerals များဟာ အောက်အတွင်းကို တိုးဝင်ပြီး ကမ္ဘာ့မျက်နှာပြင်မှာ မရှိနိုင်တဲ့ အဆပေါင်း သိန်းချီတဲ့ ဖိအားများနဲ့ အပူချိန်များကိုအသုံးပြုပြီး ပုံဆောင်ခဲများအဖြစ် အသွင်ပြောင်းကြပါတယ်။ တစ်ဖြည်းဖြည်းနဲ့ အဆိုပါ minerals များဟာ မီးတောင်ချော်ရည်တစ်မျိုးဖြစ်တဲ့ kimberlite များနဲ့ ပေါင်းစပ်ပြီးတော့ စိန် များအဖြစ် ကမ္ဘာ့ မျက်နှာပြင်ပေါ်ကို ပြန်လည်ပေါ်ပေါက်လာပါတယ်။ (သူတို့ဟာ ဈေးအကြီးဆုံး ကျောက်မျက်ရတနာဖြစ်တာလဲ မဆန်းပါဘူး။ သူတို့ဖြတ်သန်းခဲ့တဲ့ ဖြစ်စဉ်များဟာ အတော်လေးကို တန်ဖိုးကြီး အချိန်ယူရပါတယ်။)
ဒီသီအိုရီဟာ တစ်ခါတစ်ရံ Hope စိန်များလို့ခေါ်တဲ့ အပြာရောင်စိန်များတည်ရှိမှုအတွက် အတော်လေးရှင်းပြနိုင်တဲ့ သီအိုရီတစ်ခုဖြစ်ပြီးတော့ ဘာကြောင့် ဒီလိုအရောင်ဖြစ်နေရသလဲဆိုတာကို ရှင်းလင်းစေပါတယ်။ ဒါပေမယ့် အခုလို အပြာရောင်စိန်များဟာ ကမ္ဘာပေါ်မှာ အရှားဆုံးနဲ့ ဈေးအကြီးဆုံးစိန်များဖြစ်ပြီးတော့ လေ့လာဖို့အတွက် အလွန်ခက်ခဲပါတယ်။ အခု ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က Science Advances ဂျာနယ်မှာ ထုတ်ဝေခဲ့တဲ့ စာတမ်းတစ်ခုအရ သမုဒ္ဒရာအတွင်းမှ စိန်များရဲ့ မူလဖြစ်တည်မှုကို ခန့်မှန်းနိုင်ပြီလို့ သိရပါတယ်။ ဒီလိုလေ့လာဖို့အတွက် သုတေသီများဟာ fibrous diamonds လို့ခေါ်တဲ့ ပိုမိုအတွေ့များတဲ့ ကျောက်တုံးအမျိုးအစားကို လေ့လာခဲ့ကြပါတယ်။ သူတို့ဟာ သမုဒ္ဒရာ ကြမ်းပြင်မှာ တွေ့ရလေ့ရှိတဲ့ ဆားဓာတ်များပြားသော အနယ်များလဲ ဖြစ်ပါတယ်။
လက်ထပ်လက်စွပ်များမှာ တွေ့ရလေ့ရှိတဲ့ စိန်များနဲ့ မတူတဲ့အချက်ကတော့ အဆိုပါ fibrous စိန်များဟာ ဆား၊ ပိုတက်စီယမ်နဲ့ အခြား အရာများနဲ့ ရောစပ်နေလေ့ရှိပါတယ်။ သူတို့ဟာ ကျောက်မျက်ဈေးကွက်မှာ ပိုမိုဈေးပေါလေ့ရှိပေမယ့် သိပ္ပံပညာရှင်များအတွက်တော့ စိန်များဖြစ်တည်မှုကို လေ့လာဖို့အတွက် အတော်လေး အသုံးတည့်တဲ့ စိန်အမျိုးအစားများလဲ ဖြစ်ပါတယ်။
အခုလို စိန်များအတွင်းက ဆားများဟာ သမုဒ္ဒရာပင်လယ်ရေများက လာခြင်းဖြစ်တယ်လို့ပြောဆိုလေ့ရှိပေမယ့် လက်တွေ့ မစမ်းသပ်နိုင်သေးပါဘူးလို့ သြစတြေးသျမှာရှိတဲ့ Macquarie University မှ ပရောဖက်ဆာတစ်ဦးဖြစ်သူ Michael Förster က ပြောကြားခဲ့ပါတယ်။ သူဟာ ဒီလေ့လာမှုကို ဦးဆောင်ခဲ့သူလဲဖြစ်ပါတယ်။
ဒါကြောင့် တကယ့်စိန်အစစ်များရဲ့ ရှေးဟောင်းဖြစ်ပေါ်မှုများကို လေ့လာဖို့အတွက် Förster နဲ့ သူရဲ့ အဖွဲ့ဟာ စမ်းသပ်ခန်းအတွင်းမှာ ကမ္ဘာ့ mantle အလွှာ အတွင်း သမုဒ္ဒရာကြမ်းပြင် minerals များ ကြုံတွေ့ရသကဲ့သို့ အလွန်ပူပြင်းပြီး ဖိအားများပြားတဲ့ အခြေအနေများမှာ လုပ်ဆောင်ဖို့အတွက် ကြိုးစားခဲ့ကြပါတယ်။ သူတို့အဖွဲ့ဟာ သမုဒ္ဒရာ အနယ် samples များကို peridotite လို့ခေါ်တဲ့ mineral တစ်မျိုးရှိတဲ့ ကန်ထဲကို ထည့်သွင်း စမ်းသပ်ခဲ့ကြပါတယ်။ peridotite ဆိုတာကတော့ စိန်များ ဖြစ်ပေါ်လေ့ရှိတဲ့ အနက်တစ်နေရာမှာ ရှိတဲ့ တွေ့ရတတ်တဲ့ မီးတောင်ကျောက်သားအမျိုးအစားတစ်ခုလဲဖြစ်ပါတယ်။ ဒီအရာများကို လွန်စွာပြင်းထန်တဲ့ အပူချိန်နဲ့ ဖိအားတို့ ခံစားစေပြီးတော့ သိပ္ပံပညာရှင်များက စောင့်ကြည့်ခဲ့ကြပါတယ်။
အခုလို လုပ်လိုက်တဲ့အချိန်မှာတော့ သူတို့ဟာ ဖိအား 4 to 6 gigapascals (လေထုဖိအား ရဲ့ အဆ ၄၀,၀၀၀ မှ ၆၀,၀၀၀) နဲ့ အပူချိန် ၈၀၀ မှ ၁၀၀၀ ဒီဂရီဆဲလ်စီးယပ်စ် အခြေအနေမျိုးအရောက်မှာ fibrous စိန်များတွင်တွေ့ရှိရတတ်တဲ့ ဂုဏ်သတ္တိမျိုး ပိုင်ဆိုင်လာတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် သမုဒ္ဒရာကြမ်းပြင်ဟောင်းများဟာ ကျောက်ချပ်လွှာအဆက်များကတစ်ဆင့် mantle အောက်အတွင်း တိုးဝင်မိပြီဆိုရင် ပေါ်ပေါက်လာတဲ့ အားများဟာ စိန်များ ဖြစ်တည်ဖို့အတွက် အကောင်းဆုံး အခြေအနေများ ဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။
ဒါကြောင့်မို့ စိန်များဆိုတာဟာ ကျွန်တော်တို့ ခန္ဒာအဆင်တန်ဆာများအဖြစ် အလွန်အဖိုးတန်တဲ့ သက်တမ်းရင့် ကျောက်များဖြစ်ပါလိမ့်မယ်။ ဒီကျောက်များဟာ အလွန်ကို ဈေးကြီးပြီးတော့ ဒီအကြောင်းအရင်းဟာလဲ သူက လွန်စွာကြီးမားတဲ့ ဖိအားများနဲ့ ကျွန်တော်တို့ ဂြိုဟ်ကြီးရဲ့ ပြောင်းလဲမှုများကို ဖြတ်ကျော်ခဲ့ရသူလဲဖြစ်ပါတယ်။ အဲ့ဒါမှ အနည်းငယ်ဈေးကြီးနေသေးတယ်လို့ ယူဆရင်လဲ ကျွန်တော်တို့ဟာ အလင်းနှစ် သန်းပေါင်းများစွာ ဝေးကွာတဲ့ ဆူပါနိုဗာများမှာ အခြေခံခဲ့တဲ့ သတ္ထုများဖြစ်တဲ့ ရွှေ များအပြင် ပိုတက်စီယမ်များကိုလဲ ဝတ်ဆင်နိုင်ပါသေးတယ်။
Credit: Thar Htet Aung
