ကျောက်မျက်ရတနာ အတု၊ အစစ် ခွဲခြားကြည့်ရအောင်
ကျောက်ကောင်း တစ်ပွင့်ကို ဝေခွဲရခက်နေလျှင် အတုအစစ်ခွဲခြားနည်း
ကျွန်တော်တို့ဟာ သာမန်ရွှေဆိုင်တွေမှာ တွေ့ရလေ့ရှိတဲ့ ကျောက်အနီအပြာ ရောင်စုံလေးတွေကို သဘာဝကျောက်လိုလို ထင်မှတ်ဖူးကြပါတယ်။ တကယ်တမ်းမှာတော့ . . . အများအားဖြင့် တွေ့မြင် ဝယ်ယူမိကြတာက ချက်ကျောက်လို့ ခေါ်တဲ့ သဘာဝမဟုတ်တဲ့ ကျောက်အတုတွေများပါတယ်။ ဘာတန်ဖိုးမှ မရှိတဲ့ ကျောက်အတုတွေ ကြားကနေ သဘာဝ ကျောက်မျက် ရတနာအစစ်ကို ရှာဖွေဝယ်ယူနိုင်ဖို့ အချက်အလက်တွေ သိရှိထားဖို့လိုပါပြီ။
သဘာဝကျောက်မျက်ရတနာ အစစ်ဟာ အင်မတန် ရှားပါးလာပါပြီ။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံက ထွက်တဲ့ သယံဇာတဖြစ်တဲ့ သဘာဝတွင်းထွက် မိုးကုတ် ပတ္တမြားနဲ့ နီလာဟာဆိုရင် အရည်အသွေးကောင်းလွန်းလို့ရှားပါး လွန်းလို့ နာမည်ရနေတဲ့ တန်းဝင်ကျောက်တွေပါ။ တွေ့နေမြင်နေကျ. . .ချက်ကျောက် (သို့မဟုတ်) အပူပေး / အရောင်ပြောင်း / ဆေးသွင်းထားတဲ့ Imitation တွေထဲကနေ. . . . သဘာဝတွင်းထွက် ကျောက်မျက်အစစ်ကို ရွေးချယ်ဝယ်ယူနိုင်ဖို့ အတုနဲ့ အစစ် ကွာခြားချက်တွေကို ပြောပြချင်ပါတယ်။
အမှတ်စဉ် (1)
ကျောက်အမျိုးမျိုးကို အစစ်လို့ထင်ရလောက် အောင် ချက်လုပ်/ဖန်တီး ရောင်းချနေကြပြီမို့။ အတုနဲ့အစစ် ခွဲခြား သိနိုင်ဖို့ အချက်အလက် တချို့ကတော့ . . ကျောက်အတု / ချက်ကျောက် ဟူသမျှက သဘာဝတွင်းထွက် မဟုတ်ပဲ. . . အပူဓါတ်နဲ့ ချက်လုပ်ကြရတာကြောင့်. . . ကျောက်တစ်ခုလုံးမှာ ပူဖောင်း (သို့မဟုတ်) အမြုပ်လို့ခေါ်တဲ့ Gas Bubble လေးတွေ ပြည့်နှက်နေတတ်ပါတယ်။ ကျောက်ကြည့် မှန်ဘီလူးနဲ့ကြည့်မှ မြင်ရမှာပါ။ သာမန်အတိုင်း ကြည့်ရင်တော့အရောင်အသွေး လှပပြီး အပြစ်အနာအဆာ ကင်းစင်နေတာကိုပဲ တွေ့ရပါလိမ့်မယ် ။ အဲဒီလို အပြစ်အနာအဆာ ကင်းပြီး အရောင်အသွေး လှပလွန်းနေပြီဆိုရင် သတိထားရ တော့မှာပါ။ ကျောက်အတု ဖြစ်ဖို့များပါတယ်။ သဘာဝတွင်းထွက်ကျောက်မျက်တွေဟာ ဘယ်တော့မှ အပြစ်အနာအဆာ မကင်းပါဘူး။ ဂေါ်တို့ မှတ်စာတို့ Inclusion လို သဘာဝ အမှတ်အသားလေးတွေ ပါနေတတ်ပါတယ် ။ သဘာဝကျောက်အစစ်တွေမှာ Gas Bubble လို့ခေါ်တဲ့ အမြုပ်ကလေးတွေ ပူဖောင်းလေး တွေ တစ်ခုတလေ ပါတတ်ပေမယ့် ချက်ကျောက်အတုမှာလို ကျောက်တစ်ခုလုံး ပြည့်နှက်မနေပါဘူး။ တစ်နေရာ လောက် တစ်ခုလောက်ပဲ ပါတတ်တာပါ။ ထင်သာမြင်သာ ရှိအောင် မှန်ဘီလူးနဲ့ ကြည့်သင့်ပါတယ်။
အမှတ်စဉ် (2)
နောက်တစ်ချက်ကတော့. . . . . မှန်ဘီလူးကောင်းကောင်းနဲ့ကြည့်တဲ့အခါ.. သဘာဝတွင်းထွက် ကျောက်အစစ်ရဲ့ အသားကြောဟာ မကွေ့မကောက်ပဲ တဖြောင့်တည်း တန်းနေတာကို တွေ့ရပါလိမ့် မယ် ။ ချက်ကျောက် အတုတွေရဲ့ ကျောက်အသား ကြောတွေကတော့ . . ကွေ့ကောက် ရှုပ်ထွေး နေတတ်ပါတယ် ။
အမှတ်စဉ် (3)
နောက်တစ်ချက် သိသင့်တာက အရောင်ပါ။ သဘာဝကျောက်မျက်အစစ် တွေဟာ အရောင်မညီပါဘူး။ အရည်မညီဘူး အရည်ကွက်တယ် စသည့်ဖြင့် ကျောက်မျက်လောကမှာ ပြောကြဆို ကြပါတယ်။ ဥပမာ ပတ္တမြားတစ်ပွင့်ဆိုပါစို့ ။ ရုတ်တရက် သာမန်ကြည့်ရင် . . . .အနီရောင် တပြင်တည်းလို့ မြင်ပေမယ့် မှန်ဘီလူးနဲ့ သေချာထောင်ကြည့်ရင် မီးထိုးကြည့်ရင် . . . အထဲမှာ အရည်မညီတာ တွေ့ရပါလိမ့်မယ်။ အနီရောင်ထဲမှာကိုပဲ အနုအရင့် ကွာခြားတဲ့ နေရာတွေ ပန်းရောင် ခရမ်းရောင် ကွက်နေတာတွေ တွေ့ရပါလိမ့်မယ်။ ကျောက်တစ်ပွင့်လုံး အရောင်တပြေးညီ ဖြစ်နေ တဲ့ကျောက်အစစ်ဆိုတာ မရှိသလောက်ကို ရှားပါတယ် ။ အရည်ညီပြီး အပြစ်အနာအဆာကင်းတဲ့ ကျောက်ဆိုတာ အပွင့်ရေ ထောင်း သောင်း ထဲမှာတောင် တစ်ပွင့် ရဖို့မလွယ် / ရှားပါးလှပါတယ် ။ ချက်ကျောက် သို့မဟုတ် အပူပေးပြီး ပြုပြင် ပြောင်းလဲထားတဲ့ မီးဖုတ်ကျောက်တို့တော့ . . အရောင်ဟာ ကွက်ခြင်းမရှိ၊ မပြောင်းလဲပဲ တပြေးညီ ဖြစ်နေတတ်ပါတယ်။
အမှတ်စဉ် (4)
နောက်တစ်ချက်ရှိပါသေးတယ်။ သဘာဝတွင်းထွက် ကျောက်မျက်ရဲ့အသားဟာ သိပ်သည်းကျစ်လစ်ပါတယ်။ ကျောက်အတု ရဲ့ကျောက်သားကတော့ သိပ်သည်းကျစ်လျစ်မှု မရှိပဲ ဖုံပွပွ ဖြစ်နေမှာပါ။ ကျောက်အစစ်နဲ့ ယှဉ်ပြီး ကြည့်ရင် ပိုသိသာ ပါတယ်။ ကျောက်အရွယ်အစားကြီးရင် လက်နဲ့ ကိုင်ဆ ကြည့်တာနဲ့ သိသာပါတယ် ။ကျောက်အတုနဲ့ သဘာဝကျောက်မျက်အစစ်ဆိုဒ် အရွယ်အစား တူနေရင် . . . .အလေးချိန်မတူပါဘူး။ ကျောက်အစစ်က လေးလေးပင်ပင် ရှိပြီး ကျောက်အတုကတော့ ပေါ့ရွှတ်ရွှတ်ဖြစ်နေမှာ သေချာပါတယ်။ ကြုံတုန်း ကျောက်မျက်ရတနာ တချို့ရဲ့သိပ်သည်းဆကို ပြောပြလိုက်ပါ့မယ်။ ကျောက်မျက်ရတနာတို့ရဲ့…သိပ်သည်းဆ ပတ္တမြား( Ruby) = 3 . 99 နီလာ(Sapphire) = 3 . 99 ဥဿဖရား(Topaz) = 3 . 56 စိန်(Diamond) = 3 . 52 မြ(Emarald) = 2 . 71 ပုလဲ(Pearl) = 2 .70 အမှတ်စဉ် (5) ကျောက်မျက်အတုကို ခွဲခြားသိနိုင်ဖို့. . . နောက်ထပ်အချက် တစ်ချက် ရှိပါသေးတယ်။ အဲဒါကတော့ . . . . . သဘာဝကျောက်မျက် အစစ်တွေမှာ မာဆင့်ရှိတဲ့အတွက် . . . .ကျောက်သားမျက်နာပြင်ဟာ တော်ရုံ ပွတ်တိုက်မိရုံနဲ့ ပွန်းပဲ့ စင်းရာ မထင်နိုင်ပါဘူး။ ကျောက်အတုတွေဟာ မာဆင့် မာနှုန်း မာဂုဏ် မရှိတဲ့အတွက် . . . အဝတ်စကြမ်းကြမ်းနဲ့ ဖြစ်ဖြစ် ပွတ်တိုက်ကြည့်ရင် အစင်းရာ ပွန်းရာ ထင်သွားပါလိမ့်မယ် ။ ဒီနေရာမှာလည်း တလက်စတည်း . . . ကျောက်မျက်တွေရဲ့ မာဆင်စကေးတွေကို ပြောပြခဲ့ပါ့မယ် ။ ကျောက်မျက်ရတနာတို့ရဲ့မာဆင့် စိန် (Diamond) = 10 .0 နီလာ(Sapphire) = 9 .0 ပတ္တမြား(Ruby) = 9 .0 ဥဿဖရား(Topaz) = 8 .0 ဂေါ်မိတ်(Pyrope) = 6.5 မြ(Emerald) = 7 .5 – 8.0 ကျောက်စိမ်း(Jade) = 6 .5 -7.0 သတိ ကျောက်တစ်ပွင့်ဟာ အရောင်လည်း တပြေးညီ အရည်ကွက်ခြင်းမရှိ /အထဲမှာလည်း အပြစ်အနာအဆာ လုံးဝကင်းနေမယ်ဆိုရင် . . . အဲဒါ အတု ဖြစ်နိုင်ချေ များပါတယ် ။ သေချာအောင် မှန်ဘီလူးနဲ့ကြည့်ရင် ကျောက်အတွင်းပိုင်းမှာ အသားကြောတွေ ကွေ့ကောက်နေမယ်… အမြုပ် (Gas Bubble) တွေလည်း ရှိနေမယ်. . ကျစ်လျစ်သိပ်သည်းမှုလည်း မရှိ မာဆင့်လည်း မရှိဘူး ဆိုရင်တော့ . . အဲဒါ . . ကျောက်အတုဆိုတာ သေချာပါပြီ ။ စစ်ဆေးခြင်း မီးထိုးကြည့်ခြင်း . . . နေရောင်မှာ ထောင်ကြည့်ခြင်း. . . မှန်ဘီလူးကောင်းကောင်းနဲ့ ကြည့်ခြင်းတွေ အပြင် . . . . ကျောက်မျက်ရဲ့ ရူပဂုဏ်သတ္တိ တို့ … ပုံဆောင်ဓလေ့တို့အလင်းယိုင်ညွှန်းကိန်း တို့ အရောင်ပြောင်းခြင်း / နှစ်ဖြာအလင်းယိုင်ခြင်း / အလင်းလက္ခဏာ /အတွင်းမီးအား / စုပ်ယူရောင်စဉ်တန်းများ /မီးစုန်းတောက်ခြင်း လက္ခဏာများ စသည်ဖြင့်လည်း လေ့လာဆန်း စစ်သင့်ပါတယ်။ နောက်ထပ် စစ်ဆေးခြင်း ခရမ်းလွန် ရောင်ခြည်(Ultraviolet Ray)နဲ့ ထိုးကြည့်ရင်လည်း . . . . ကျောက်အတုနဲ့ အစစ်ရဲ့ ခြားနားမှုကို သိနိုင်ပါတယ်။ ကျောက်အတုဟာ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတဲ့အခါ. . . အရောင်မှိန်ကျသွားပါလိမ့်မယ်။ သဘာဝတွင်းထွက် ကျောက်မျက်အစစ်ကတော့ ပိုပြီး လင်းလက်တောက်ပ သွားပါလိမ့်မယ်။ အတွန့်တက် သဘာဝကျောက်မျက် လုပ်ငန်းတစ်ခုမှာ လုပ်နေရင်းနဲ့ တဖြည်းဖြည်း သိလာတာလေး တွေ ချရေးကြည့်တာပါ။ တတ်ကျွမ်းလို့ ရေးပြတာမျိုး မဟုတ်ပါဘူး။ ကိုယ်သိထားတာ ဘယ်လောက် ရှိပြီလဲဆိုတာ ပြန်ဖတ်ကြည့်ချင်လို့ရေးကြည့်တာပါ။ အခု ရေးသွားတာတွေဟာ သာမန် ကျောက်အကြောင်း သိပ်မသိသေးသူ တစ်ယောက်ရဲ့ သာမန်အသိ အချက်အလက်လေးတွေမို့ လွဲနေတာတွေလည်း အများအပြား ရှိနေနိုင်ပါတယ်။ ကျွန်တော် လေ့လာဖို့ အများကြီးကျန်ပါသေးတယ်။ တတ်ကျွမ်းနားလည်ပြီးသူတွေဆီကလည်း သင်ယူစရာတွေ အများကြီးရှိပါသေးတယ်။ ဆက်လက်ပြီး ကျောက်မျက်ရတနာကို … တန်ဖိုးအနိမ့်အမြင့်ဖြစ်စေသော အချက်အလက်တွေကို တင်ပြပေးဖို့ရည်ရွယ်ထားပါတယ်။
Credit: အလင်းဆက် (Gazette)
