ဖေ့စ်ဘွတ်ခ်ပေါ်က စိန်ကောင်းကျောက်ကောင်း အရောင်းအဝယ်


မြန်မာနိုင်ငံတွင် အင်တာနက်လို့ဆိုလိုက်သည်နှင့် အများစုက ဖေ့စ်ဘွတ်ခ်ကိုပြောသည်ဟု ထင်လေ့ရှိသည်။

ယခုလအတွင်း ထွက်ရှိလာသည့် Solidiance သုတေသနနှင့် အကြံပေးလုပ်ငန်းက ထုတ်ပြန်လိုက်သော ''The Next Growth Wave: Rising Consumerism in Myanmar" ဟု အမည်ရသည့် သုတေသနစာတမ်းအရ မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၁၄ သန်းခန့်ရှိပြီး ထက်ဝက်သည် နေ့စဉ်သုံးကြသည်ဟု ဖော်ပြထားသည်။

ထိုသို့သောအခြေအနေများကြောင့် မိမိထုတ်ကုန်၊ ရောင်းကုန်ပစ္စည်းကို စျေးကွက်တင်ရောင်းလိုသူတိုင်း ဖေ့စ်ဘွတ်ခ်ပေါ်သို့ ရောက်လာကြသည်မှာ အထူးအဆန်း မဟုတ်ပေ။

ယခင်က ကိန်းကြီးခန်းကြီး အလွန်နိုင်သော စျေးကွက်ဖြစ်သည့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းများပင် ဖေ့စ်ဘွတ်ခ်ပေါ် ရောက်လာသည်ကို လေ့လာတွေ့ရှိရသည်။

ထိုလူမှုကွန်ရက်ပေါ်ရောက်လာသည့် ကျောက်မျက်စျေးကွက်ကို မြန်မာတိုင်း(မ်)က အချိန်ယူလေ့လာခဲ့ရာ မြန်ဆန်သွက်လက်ပြီး အရောင်းအဝယ်ပိုဖြစ်စေသည်ကို တွေ့ရသော်လည်း အခြားတစ်ဖက်တွင် ပြဿနာများကိုလည်း တစ်ပြိုင်နက်တည်း တွေ့ရသည်။


တန်ဖိုးကြီးသည့် ရတနာများကို အရောင်းအဝယ်ပြုလုပ်ကြရာတွင် ကျောက်မျက်ပညာနှင့် ရင်းနှီးကျွမ်းဝင်ကြသူများ ကိုယ်တိုင်စစ်ဆေးကြည့်ရှုပြီးမှသာ အဖိုးနှုန်းဖြတ်ကာ ရောင်းဝယ်ကြသည်မှာ ကျောက်မျက်လုပ်ငန်းရောင်းဝယ်ရေး၏ သဘာဝပင်ဖြစ်သည်။ 

ယခုဖေ့စ်ဘွတ်ခ်ပေါ်တွင်မူ ကျပ်သောင်းဂဏန်းမှ ကျပ်သိန်း ဆယ်ဂဏန်းအထိ တန်ကြေးရှိသော ကျောက်မျက်များကို လူမှုကွန်ရက်ပေါ်တင်ထားသည့် ဓာတ်ပုံကိုကြည့်ပြီး ဆုံးဖြတ်ရောင်းဝယ်နေကြသည်ကို တွေ့ရသည်။


မျက်မြင်သည်သာ အကောင်းဆုံး

ကျောက်မျက်ရတနာသည် အခြားလူသုံးကုန်များကဲ့သို့ အွန်လိုင်းတွင် ကြည့်ရှုဆုံးဖြတ်ပြီး ရောင်းဝယ်ရသည့်အရာတစ်ခုမဟုတ်ဟု ကျောက်မျက်ရတနာလုပ်ငန်းရှင်အချို့က ရှုမြင်ကြသည်။ 

အွန်လိုင်းမှ ဝယ်ယူသည့် လူသုံးကုန်ပစ္စည်းများသည် တစ်စုံတစ်ရာလွဲချော်ပါက နစ်နာမှုပမာဏ နည်းနိုင်သော်လည်း ကျောက်မျက်ရတနာတစ်ခုကို တန်ဖိုးမှားဖြတ်ပြီး ဝယ်မိပါက အနည်းဆုံး သောင်းဂဏန်းမှသည် အလွန်များသည့် ငွေကြေးပမာဏအထိ နစ်နာနိုင်သည်ဟု ၎င်းတို့က ဆိုကြသည်။

''ရတနာပစ္စည်းဆိုတာ အွန်လိုင်းနဲ့တော့ မသင့်တော်ပါဘူး''ဟု မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တွဲဖက်အတွင်းရေးမှူးဦးထွန်းလှအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

တစ်ဖက်တွင်လည်း တစ်နိုင်တစ်ပိုင် ကျောက်မျက်ရတနာလုပ်ငန်းလုပ်ကိုင်သူများအတွက် စီးပွားရေးအခွင့်အလမ်းတစ်ခု၊ စျေးကွက်တစ်ခု ဖြစ်သည့်အတွက် အကောင်းမြင်သူများလည်း ရှိနေကြသည်။ 

ကျောက်မျက်ရောင်းချရန်အတွက် ဆိုင်ခန်းများကို ရင်းနှီးမြှုပ်နှံထားရခြင်းကဲ့သို့ ငွေကြေးကုန်ကျမှုမရှိဘဲ တစ်နိုင်တစ်ပိုင်ရောင်းချရပြီး မှန်မှန်ကန်ကန်သာ ဆောင်ရွက်ပါက စီးပွားရေးအခွင့်အလမ်းတစ်ရပ်ဖြစ်သည်ဟု ၎င်းတို့က ယူဆသည်။

''အဓိကကတော့ ရောင်းတဲ့သူကလည်း မှန်ကန်မယ်၊ ဝယ်တဲ့သူလည်း စိစိစစ်စစ်ဝယ်နိုင်ဖို့တော့လိုတယ်''ဟု ရန်ကုန် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဦးသီဟန်သိန်းက ပြောသည်။


သတိပြုဖွယ် မမှန်မကုန်ရောင်းဝယ်မှုများ

မည်သို့ဆိုစေကာမူ ဖေ့စ်ဘွတ်ခ်တွင် ကျောက်မျက်များကို ဓာတ်ပုံကြည့်ရုံ၊ ဗီဒီယိုကြည့်ရုံဖြင့် ရောင်းဝယ်မှုများ ပြုလုပ်နေကြသည်မှာ အတော်အတန်တွင်ကျယ်နေပြီဖြစ်ကြောင်း တွေ့ရသည်။

ကျောက်မျက်ရောင်းဝယ်ရေးလုပ်သည့် ဖေ့စ်ဘွတ်ခ်အဖွဲ့တစ်ဖွဲ့ဆိုလျှင် အဖွဲ့ဝင်ပေါင်း နှစ်သိန်းခွဲကျော် ရှိသည်ကိုပင် တွေ့ရသည်။

သို့သော် ထိုအဖွဲ့တွင်ပင် ရောင်းမည့်ကျောက်များ၏ ဓာတ်ပုံကို ကွန်ပျူတာဖြင့် ပြန်လည်ပြုပြင်ပြီး ရောင်းချသူများရှိခဲ့သဖြင့် အဖွဲ့တည်ထောင်သူက ထိုသို့ပြုလုပ်သူများကို ထုတ်ပယ်မည့်အကြောင်း အခြားအဖွဲ့ဝင်များကို သတိပေးထားသည်ကိုလည်း တွေ့ရှိရသည်။

အစုအဖွဲ့များကို တည်ထောင်သူများသည် ထိုသို့ စည်းကမ်းချက်များ သတ်မှတ်ပြီး အရောင်းအဝယ် မှန်ကန်အောင် ဆောင်ရွက်နေကြစေကာမူ လိမ်လည်ရောင်းချမှုများ ဆက်ရှိနေသည်ကို ဝယ်သူများ၏ တုံ့ပြန်မှုများအရ လေ့လာသိရှိရသည်။

မိမိမှာယူစဉ်က ကျောက်မျက်အရည်အသွေး၊ ပုံပန်း သဏ္ဌာန်တို့နှင့် လက်ဝယ်အတွင်းသို့ ရောက်ရှိချိန်တွင် ကွာမှုများဖြစ်နေခြင်းကို ဝယ်သူများက အများဆုံး စောဒကတက်ကြသည်ကို တွေ့ရသည်။

အဖွဲ့ဝင်ပေါင်းများစွာရှိသော ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ဖေ့စ်ဘွတ်ခ်အစုအဖွဲ့တစ်ခုတွင်ဆိုလျှင် ကျပ် ၁၉ သိန်းခန့်တန်သော ကျောက်များသည်ပင် ဖေ့စ်ဘွတ်ခ်တွင်ပြသသည့် ဓာတ်ပုံကို အထူးပြုလုပ်ချက်ဖြင့် ပြန်လည်ပြုပြင်ထားပြီး ကာယကံရှင်လက်ထဲသို့ ရောက်ရှိချိန်တွင် အလွန်ကွာခြားနေသဖြင့် ပြဿနာများဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ရှိခဲ့သည်ဟု Yangon Gemological Institute and Laboratory ကျောက်မျက်ပညာသင်တန်း နှင့် ကျောက်မျက်စမ်းသပ်စစ်ဆေးခန်းမှ ကျောက်မျက် ပညာရှင်ချုပ် ဦးမျိုးနိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။


ကျွမ်းကျင်သူပင်မလွယ်

ကျောက်မျက်ပညာရပ်များနှင့် ရင်းနှီးကျွမ်းဝင်သူများပင် ဖေ့စ်ဘွတ်ခ်ပေါ်တွင် ရောင်းချနေသည့် ကျောက်များ၏ ဓာတ်ပုံနှင့် ဗီဒီယိုများ ကြည့်ရှုပါက ခန့်မှန်းခြေလောက်သာ သိရှိနိုင်ပြီး အမှန်တကယ်ရှိသော အရည်အသွေးကို အတတ်မပြောနိုင်ကြောင်း ၎င်းတို့က ဆိုသည်။ ပြင်ပတွင် ကြည့်ရှုရခြင်းကသာ အဆင်ပြေဆုံးဟု သူတို့က ဆိုကြသည်။

ထို့ကြောင့် ကျောက်မျက်နှင့် အကျွမ်းတဝင်ရှိသူမဟုတ်ပါက ထိုဓာတ်ပုံနှင့် ဗီဒီယိုများ ကြည့်ရှုဝယ်ယူလျှင် အလွန်စွန့်စားရာရောက်သည်ဟုလည်း မှတ်ချက်ပေးကြသည်။

''မျက်မြင်မကြည့်ဘဲနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ခန့်မှန်းခြေလောက်တော့ သိလို့ရမှာပေါ့။ အပြင်မှာကြည့်ပြီး ဝယ်တာက ပိုမှန်ကန်လိမ့်မယ်''ဟု ဦးသီဟန်သိန်းက ပြောသည်။

အခြားတစ်ဖက်တွင်လည်း အပြင်တွင် ကျောက်ကိုကြည့်ရှုလိုသည်ဟု တောင်းဆိုပါက ကျောက်ရောင်းသူများက ၎င်းတို့သည် မိုးကုတ်ကဲ့သို့သော ဒေသများတွင်သာ ဆိုင်ဖွင့်ထားသဖြင့် ရန်ကုန်တွင် ဆိုင်မရှိဟု ဆိုလေ့ရှိကြောင်း ဖေ့စ်ဘွတ်ခ်တွင် ကျောက်မျက်ဝယ်ယူလေ့ရှိသူ မယဉ်အေးက ပြောသည်။

''တော်ရုံတန်ကြေးရှိတဲ့ကျောက်ကို ဝယ်ချင်ရုံနဲ့တော့ မိုးကုတ်ကို ဘယ်ကျောက်သွားကြည့်နိုင်ပါ့မလဲ။ အများစုက ငွေချေပြီး ရန်ကုန်ရောက်မှပဲ ကိုယ့်လက်ထဲရောက်တာ''ဟု ၎င်းက ဆိုသည်။ 


ဘယ်လိုစစ်ဆေးဝယ်ကြမလဲ

အွန်လိုင်းမှ ကျောက်ဝယ်ကြမည်ဆိုပါက အချို့သောရောင်းသူများက ကျောက်မျက်စစ်ဆေးရေး ထောက်ခံချက်ပေးသည်ကို တွေ့ရသည်။ အချို့ကမူ မည်သည့်အာမခံချက်မှမရှိဘဲ ရောင်းချနေကြသည်လည်း ရှိနေသည်။ 

''ဝယ်သူရဲ့ အခွင့်အရေးတစ်ခုအဖြစ် စစ်ဆေးချက်လက်မှတ်ကို တောင်းကို တောင်းသင့်တယ်။ အွန်လိုင်းမှာတွေ့လို့ ဝယ်မယ်ဆိုရင် ရောင်းတဲ့သူဆီကနေ ကျောက်မျက်အမျိုးအစားနဲ့ အရည်အသွေး စစ်ဆေးချက်ကိုတော့ ပူးတွဲပါဖို့လိုတယ်''ဟု ကျောက်မျက်ပညာရှင် ဦးမျိုးနိုင်က ပြောသည်။

သို့သော်လည်း ကျောက်မျက်စစ်ဆေးချက်ဆိုသည်ပင်လျှင် စစ်ဆေးချိန်တွင်သာ အတည်ပြုနိုင်ပြီး ကျောက်မျက်စစ်ဆေးချက်ရယူပြီး နောက်ပိုင်းတွင်လည်း စစ်ဆေးပြီးသား ကျောက်မျက်များကို ပြန်လည်ပြုပြင်နိုင်သည့်အတွက် အဆိုပါစစ်ဆေးချက်သည် ဝယ်ယူမည့်ကာလနှင့် အနီးဆုံးစစ်ဆေးချက်ဖြစ်ပါက ပိုမိုစိတ်ချရမည်ဟု ၎င်းကအကြံပြုသည်။

အကောင်းဆုံးနည်းလမ်းမှာ မိမိဝယ်မည့်ကျောက်ကို ကျောက်မျက်စစ်ဆေးခန်းတွင် ကိုယ်တိုင်စစ်ဆေး အတည်ပြုချက်ရယူခြင်းဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်မြို့၏ ကျောက်မျက်ရတနာ ရောင်းဝယ်မှုပြုလုပ်ရာ အချက်အချာဖြစ်သည့် ဗိုလ်ချုပ်စျေးတွင် ကျောက်မျက်စမ်းသပ်စစ်ဆေးခန်းများရှိပြီး ကျောက်မျက်အတု-အစစ်ခွဲခြားခြင်း အခြေခံအဆင့်မှသည် ကျောက်မျက်အမျိုးအစား၊ အရည်အသွေး စသည့် အသေးစိတ်အခြေအနေအထိ စမ်းသပ်စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်းများရှိသည်။ 

ကျောက်မျက်အတု-အစစ်ခွဲရုံ အခြေခံအဆင့်သည် ကျပ် ၄,ဝဝဝ- မှ ၅,ဝဝဝ ဝန်းကျင်ခန့်သာ ကုန်ကျပြီး အခြားအဆင့်ဆင့် စစ်ဆေးချက်များပြုလုပ်လျှင်မူ အများဆုံး ကျပ် ၅ဝ,ဝဝဝ ခန့်အထိ ရှိိသည်။ 

မန္တလေးမှ ကျောက်မျက်ရတနာကုန်သည်တစ်ဦးဖြစ်သူ ဦးသိုက်ထွန်းကမူ ဖေ့စ်ဘွတ်ခ်တွင် ကျောက်ရောင်းဝယ်ခြင်းကို အားမပေးပေ။ ''မျက်မြင်အရောင်းအဝယ်က အကောင်းဆုံးပေါ့၊ အရှုပ်အရှင်းကင်းတာပေါ့'' ဟု ၎င်းက မှတ်ချက်ပြုသည်။


Credit: သီဟကိုကို